Skip to content

မြန်မာဇာတ်ကားကောင်းတွေကို တစုတစည်းတည်း တဝကြီးကြည့်ရမယ့် Myanflix

  • by
Myanflix

လက်ကိုင်ဖုန်းတွေနဲ့ နည်းပညာတွေ အများကြီးတိုးတက်လာတဲ့ခေတ်ထဲမှာ ဖျော်ဖြေရေးနယ်ပယ်ဟာ အရင်လို ဇိမ်ခံပစ္စည်းအနေနဲ့ ကျေးလက်နယ်ဘက်ရော၊ မြို့ပါ လက်လှမ်းမီလာခဲ့ပါတယ်။ အရင်လို အဆိုတော်တွေ ကိုယ့်မြို့ကို လာမှ စတိတ်ရှိုးပွဲတစ်ပွဲကို ကြည့်ရတာ မဟုတ်ဘဲ သူတို့တွေ ဘယ်အရပ်ဒေသမှာ ဆိုနေနေ၊ TV Channel တစ်ခုက ပြတာကို ကြည့်တာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းရဲ့ Facebook Live Video က ဖြစ်ဖြစ် နားဆင်ခံစားနိုင်ပါပြီ။

ဒီလို ခေတ်နဲ့ အညီ လိုက်ပါစီးမျောတဲ့ နေရာမှာ ရုပ်ရှင်ဟာလည်း ကျန်မနေခဲ့ပါဘူး။ ရုပ်ရုင်ရုံတွေ၊ ရိုက်ကူးတဲ့နေရာမှာ သုံးတဲ့ ကင်မရာနဲ့ အသံစနစ်စတာတွေကို အဆင့်မြှင့်ခဲ့သလို ရုပ်ရှင်ကို ရုပ်ရှင်ရုံမှာ လာမကြည့်နိုင်တဲ့သူတွေအတွက်လည်း သူတို့ရှိတဲ့ နေရာ၊ သူတို့ကိုင်တဲ့ မိုဘိုင်းဖုန်းတွေဆီအရောက် လှမ်းလာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ နိုင်ငံခြားဇာတ်ကားဆိုရင် အခွေဝယ်ကြည့်တာ၊ Channel Myanmar နဲ့ Torrent လို ကြည့်ရှုဒေါင်းလုပ်လုပ်စရာ အရင်းအမြစ်ပေါများပေမယ့် မြန်မာကားကြိုက်တဲ့ မြန်မာပရိသတ်ကြီးမှာတော့ ရုပ်ရှင်ကို ရုံမှာသာ မကြည့်ဘူးဆိုရင် ဒီနေရာမှာ တော်တော်လေး အခက်တွေ့ရပါတယ်။ ဒီလို ရုံသွားကြည့်ဖို့ အချိန်မရှိတာ၊ ဝေးလံတာ စတဲ့ အခက်အခဲတွေ ရှိတဲ့သူတွေအတွက် မြန်မာကားတွေကို ဖုန်းထဲမှာတင်ကြည့်လို့ ရတဲ့ App တွေ ရှိလာခဲ့ပါတယ်။

Myanmar people are using phone

ဒီထဲမှာ Iflix လို လူသိပြီးသား Video App တွေလည်း ပါသလို Myanflix လို အသစ်စက်စက် App (၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ ထွက်ရှိတဲ့အတွက်) တွေလည်း ပါဝင်ပါတယ်။

Myanflix ဆိုတာ

Myanflix ဆိုတာ ကြော်ငြာထားသလောက်တော့ on demand OTT Service App ဖြစ်ပါတယ်။ မြန်မာဇာတ်ကားတွေကို စုစည်းထားတာ ဖြစ်ပြီး ဇာတ်ကားပေါင်း ၄၀၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။

Myanflix ကို ဘယ်လို ကြည့်နိုင်မလဲ

Myanflix App ဟာ လက်ရှိမှာတော့ Android Version သာ ရှိသေးပြီး iOS Version ကတော့ မကြာခင်ထွက်ရှိလာမယ်လို့ သိရပါတယ်။ Android Version ကို ဒေါင်းလုတ်လုပ်ပြီးရင်တော့ App ကို ဖွင့်တဲ့ အခါ ကန့်သတ်ချက်တစ်ခုကို တွေ့ပါလိမ့်မယ်။ ဟုတ်ပါတယ်.. Myanflix ဟာ Telenor အင်တာနက်ကွန်ရက်နဲ့ပဲ ကြည့်ရှုလို့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ App ကို သုံးဖို့ Telenor အင်တာနက်လိုင်းရှိဖို့ လိုပါတယ်။ နောက်ထပ်ကန့်သတ်ချက်တစ်ခုကတော့ Telenor အင်တာနက်လိုင်းရှိရုံတင်မဟုတ်ဘဲ Data Suboo Plan တွေထဲက တစ်ခုခု ဝယ်သုံးမှ ကြည့်လို့ ရမှာ ဖြစ်ပါတယ်။ ကြည့်ရတာတော့ Telenor နဲ့ Collaboration လုပ်ထားတဲ့ မိတ်ဖက် App တစ်ခု ဖြစ်ပါလိမ့်မယ်။

Myanflix home page

အသုံးပြုပုံနဲ့ User Interface

Myanflix ကို သုံးမယ်ဆိုရင် Facebook နဲ့ Sign Up လုပ်လို့ရသလို Telenor Ph no. နဲ့လည်း Sign Up လုပ်လို့ ရပါတယ်။ ဘာသာစကားအနေနဲ့လည်း မြန်မာဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကား နှစ်ခုနဲ့ သုံးလို့ ရတာ တွေ့ရပါတယ်။ Log In လုပ်ပြီးပြီဆိုရင်တော့ User Interface က အတော်လေးရိုးရှင်းလွယ်ကူတာကို တွေ့ရပါတယ်။ Home Page (ပင်မ) စာမျက်နှာကနေ ပိုမို၍ ကို နှိပ်ပြီး နောက်ထပ်ဇာတ်ကားတွေကို ကြည့်နိုင်သလို ရုပ်ရှင်အမျိုးအစားတွေကိုလည်း ဇာတ်ကြမ်း၊ ဟာသ၊ ခြောက်ခြားဖွယ်၊ မေတ္တာဘွဲ့၊ ရုပ်ရှင်၊ အချစ်၊ မှုခင်းနဲ့ ထိတ်လန့်ဖွယ်ဆိုပြီး အမျိုးအစားတွေ ခွဲပေးထားပါတယ်။

ဇာတ်ကားတစ်ကားကို ကြိုက်လို့ ရွေးချယ်မယ်ဆိုရင်တော့ ဒီတိုင်း Play နှိပ်ပြီး ကြည့်လို့ ရသလို ဒေါင်းလုပ်ဆွဲပြီးလည်း ကြည့်လို့ ရပါတယ်။ ဒါတင်မဟုတ်ဘဲ Favorite List (ကြိုက်နှစ်သက်သော) ကို နှိပ်ပြီး မှတ်ထားလို့ ရသလို Rating စနစ်ထည့်ထားတဲ့အတွက် Rating ကောင်းတဲ့ဇာတ်ကားကိုမှ ကြည့်ချင်တယ်ဆိုရင် အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒါတင်မဟုတ်ဘဲ Share (မျှဝေမည်) နှိပ်ပြီး Facebook ၊ Messeger ၊ Messaging နဲ့ Gmail စတာတွေကို မျှဝေလက်တို့လို့ ရပါသေးတယ်။ ဇာတ်ကားရဲ့ ကြာချိန်မိနစ်ကိုလည်း ဖော်ပြပေးထားတဲ့အတွက် ကိုယ်အားတဲ့အချိန်နဲ့ ချိန်ကိုက်ပြီး ကြည့်လို့ ရတာလည်း အားသာချက်တစ်ခုပါပဲ။

အရည်အသွေးပိုင်း

Myanflix ဟာ ကြည့်တဲ့ ရုပ်ရှင်ဇာတ်ကားတွေအတွက် ငွေကြေးကောက်ခံတာ မဟုတ်ဘဲ အင်တာနက်ကွန်ရက်သုံးပြီး ကြည့်ရှုတဲ့ ဒေတာဖိုးပဲ ကုန်မှာ ဖြစ်ပါတယ်။ Quality ကို Standard မှာ (240 P) နဲ့ ထားထားပေးပြီး ပိုကောင်းတဲ့ Quality ကိုတော့ Medium (480 P) နဲ့ High (720 P) ပြောင်းလဲပေးလို့ ရပါတယ်။ Quality ကောင်းရင် ကောင်းသလောက် Data ပိုကျမှာမို့ ဒါတော့ ချင့်ချိန်ရမှာပါ။ ဒီ Setting တွေကို ပြင်ဆင်ရန် ထဲမှာ သွားချိန်ညှိလို့ ရပါတယ်။ 720 P ကလည်း Quality အကောင်းကြီး မဟုတ်ပေမယ့် ဖုန်းထဲမှာတော့ ကြည့်ပျော်ပါတယ်။

iflix နဲ့ မတူတဲ့အချက်ကတော့ Myanflix မှာ နိုင်ငံခြားဇာတ်ကားမရှိဘဲ မြန်မာဇာတ်ကားသီးသန့်ဖြစ်တဲ့အတွက် မြန်မာဇာတ်ကားချစ်သူများအတွက်ပဲ ဖြစ်ပါတယ်။ မြန်မာဇာတ်ကားတွေထဲမှာမှ ဇာတ်လမ်းတွဲတွေ မတွေ့ရဘဲ ရုပ်ရှင်၊ဗွီဒီယိုဇာတ်ကားသီးသန့်ပဲ တွေ့ရပါတယ်။

Myanflix download

အားသာချက်

အားသာချက်ကတော့ ခုနပြောသလိုပဲ မြန်မာဇာတ်ကားကြိုက်သူတွေအတွက် လုံးဝသီးသန့် App ပါ။ ဇာတ်ကားကြာချိန်၊ Rating ၊ Share လုပ်ဆောင်ချက်နဲ့ ဒေါင်းလုပ်လုပ်ရင်လည်း Size ကို ခပ်နည်းနည်းပဲ လုပ်ပေးတဲ့အတွက် နယ်ဘက်က လူတွေ အတွက် အတော်လေးအဆင်ပြေပါတယ်။ ဇာတ်ကားအမျိုးအစားခွဲထားတာလည်း သပ်ရပ်ပြီး စုံလည်း စုံလင်တာကို တွေ့ရမှာပါ။ Telenor ဒေတာစုဘူး သုံးသူတွေအတွက် ဒီဇင်ဘာလအတွင်း အခမဲ့ကြည့်ရှုနိုင်တယ်ဆိုတော့ Telenor သုံးသူတွေအတွက် ဝမ်းသာစရာပါ။

အားနည်းချက်တွေကတော့

လက်ရှိမှာ Telenor ဒေတာစုဘူးနဲ့မှ၊ Telenor ကွန်ရက်နဲ့မှ ဆိုတဲ့ ကန့်သက်ချက်က Myanflix ကို အသုံးပြုဖို့ အတော်လေးအခက်အခဲ ဖြစ်စေသလို အသုံးပြုသူ (User) အင်အားလည်း နည်းသွားစေပါလိမ့်မယ်။ မြန်မာဇာတ်လမ်းတွဲတွေပါ ထည့်ပေးမယ်ဆိုရင် ပိုပြီး ကြည့်မယ့်သူများမှာ ဖြစ်ပြီး နောက်ထပ်တစ်ချက်ကတော့ အကောင့်ကနေ Log Out လုပ်လိုက်တာနဲ့ ဒေါင်းလုတ်လုပ်ထားတဲ့ ဇာတ်ကားတွေ ပျက်သွားတတ်တာပဲ ဖြစ်ပါတယ်။ အခုထိတော့ အခမဲ့ ဖြစ်နေတဲ့အတွက် ဈေးနှုန်းသက်သာ၊မသက်သာတော့ မပြောနိုင်သေးပါဘူး

အချုပ်ပြောရရင်တော့ မြန်မာဇာတ်ကားကြိုက်သူတွေအတွက် Myanflix ဟာ သင့်တော်တဲ့ App တစ်ခုဖြစ်ပြီး ကန့်သတ်ချက်လေးတွေကိုသာ အဆင်ပြေအောင် လုပ်ပေးနိုင်ရင်တော့ ပိုပြီး ကောင်းလာမယ်လို့ ထင်မြင်မိပါတယ်။

Sam

Photo Credit: www.fojo.se

This site is registered on wpml.org as a development site.