ခေတ်က တရွေ့ရွေ့နဲ့ တိုးတက်ပြောင်းလဲလာပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေကနေ အခုထိ ဖုန်းရဲ့ 3G ၊ 4G ၊ LTE စတဲ့ နည်းပညာတွေနဲ့ အင်တာနက်သုံးလာကြတာကနေ အခုနောက်ပိုင်းတော့ အိမ်မှာပါ Wireless ဒါမှမဟုတ် Fiber နဲ့ ချိတ်ဆက်ပြီး ISP (Internet Service Providers) တွေဆီက အင်တာနက်ဝန်ဆောင်မှုကို ယူသုံးနေကြပါပြီ။
ဒီလို သုံးတဲ့ User တွေ ရှိသလိုပဲ ISP တွေကလည်း သူ့ထက်ငါ အပြိုင် ဈေးလျှော့တာ၊ လိုင်းတွေ တိုးမြှင့်ပေးတာ၊ ကနဦးတပ်ဆင်ခတွေ လျှော့ပေးတာနဲ့ နေရာများများမှာ ရနိုင်အောင် လိုင်းတိုးချဲ့တာစတဲ့ အချက်တွေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်ကြပါတယ်။
ISP တွေရဲ့ ပစ်မှတ်ကလည်း ရန်ကုန်၊မန္တလေးလို မြို့ကြီးတွေကနေ တခြားမြို့တွေဆီကိုပါ ရောက်ရှိလာပါပြီ။ ရန်ကုန်မှာ ရနိုင်တဲ့ အင်တာနက်ဝန်ဆောင်မှုတွေကတော့ အများသိပြီးသား ဖြစ်မှာမို့ ဒီတစ်ခါတော့ မန္တလေးမြို့မှာ ဘယ် ISP (Internet Service Providers) ဝန်ဆောင်မှုတွေ ရနိုင်မလဲဆိုတာ လက်လှမ်းမီသလောက် ဖော်ပြပေးပါရစေ။
Myanmar Net (Internet Service Providers)
အင်တာနက်လိုင်းတွေ၊ ဧရိယာတွေ တိုးမြှင့်ချထားနေတဲ့ Myanmar Net ဟာ ရန်ကုန်မှာတော့ များလှတဲ့ ISP တွေကြား ပြိုင်ဘက်တွေ များနေပေမယ့် မန္တလေးမှာတော့ အသုံးပြုသူတော်တော်များများက Myanmar Net ကို ရွေးချယ်ကြပါတယ်။ ဒါပေမယ့် Myanmar Net ရဲ့ လက်ရှိဖော်ပြချက်အရတော့ မန္တလေးမြို့ တစ်မြို့လုံးကို လိုင်းဧရိယာ မခြုံငုံမိသေးဘဲ အောင်မြေသာဇံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေနဲ့ ချမ်းအေးသာဇံမြို့နယ်တွေမှာပဲ ရသေးတယ်လို့ ဆိုပါတယ်။ မန္တလေးက အသုံးပြုသူတွေရဲ့ ပြောကြားချက်အရ အဆင်ပြေတယ်လို့ သိရပါတယ်။
တစ်လကို 2Mbps – ၈,၅၀၀ ကျပ်ကစပြီး 4.2 Mbps – ၁၆,၀၀၀ ကျပ်ထိ အစားစားရှိပြီး စတပ်မယ်ဆိုရင် စက်တပ်ဆင်ကြေး ၁၄,၀၀၀ ကျပ်နဲ့ စပေါ်ငွေ ၁၀,၀၀၀ ကျပ် ပေးဆောင်ရမှာ ဖြစ်ပါတယ်။ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ အိမ်သုံး သုံးမယ်ဆို Myanmar Net က သုံးပျော်နေပါတယ်။
5BB Broadband Mandalay
5BB ကတော့ မန္တလေးမြို့ရဲ့ နေရာအတော်များများမှာ ရပြီး အခုဆိုရင် 5Mpbs – ၂၅၀၀၀ ကျပ်က စတဲ့ Eco Plan တောင် အမရပူရ၊ပြည်ကြီးတံခွန်၊မန္တလေးနန်းတွင်း မြို့နယ်တွေမှာ ရနေပါပြီ။ ရန်ကုန်မှာတော့ Ping ငြိမ်လို့ 5BB ကို ဂိမ်းကစားသူတွေ ကြိုက်ကြပေမယ့် မန္တလေးမှာတော့ Myanmar Net လောက် လူကြိုက်မများဘဲ ရှိနေပါတယ်။
MPT Home Fiber Internet
MPT ရဲ့ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် အစီအစဉ်ကတော့ ခုတလော အရမ်းကို ခေတ်စားနေပါတယ်။ ခေတ်စားဆို မြန်နှုန်းကလည်း သူများထက် ကောင်းနေတာကိုးဗျ။ တပ်ဆင်ခ ၅၀,၀၀၀ ကျပ်နဲ့ တစ်လကို ၃၉,၀၀၀ ကျပ်ဆိုရင် 20Mbps ကနေစပြီး ၆၉,၀၀၀ ကျပ်ဆိုရင် 50Mbps၊ ၁၀၉,၀၀၀ ကျပ်ဆိုရင် 100Mbps ထိ အစားစားရှိနေပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ချမ်းအေးသာဇံ၊ အောင်မြေသာစံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေမြို့နယ်တွေမှာပဲ ရသေးတဲ့အတွက် Myanmar Net လောက်တော့ အသုံးပြုသူတွေ ညွှန်းဆိုကြတာ မတွေ့ရသေးပါဘူး။ နေရာလေးများချဲ့နိုင်ရင်တော့ အသုံးပြုသူတွေ ပိုပြီးတော့ များလာမှာ အသေအချာပါပဲ။
Ooredoo Supernet Internet
Ooredoo Internet ကတော့ လက်ရှိမှာ မန္တလေးမြို့ပေါ်တွေမှာ ရပြီး ပုသိမ်ကြီးဘက်ဆိုရင်တော့ မရသေးဘူးလို့ သိရပါတယ်။ တပ်ဆင်ခကတော့ အခမဲ့ဖြစ်ပြီး ၄၀,၀၀၀ ကျပ် – 10Mbps ကနေ ၁,၁၅၀,၀၀၀ ကျပ် – 100Mbps ထိ မြန်နှုန်းတွေ ရရှိနိုင်ပါတယ်။ Ooredoo Internet ဟာ Myanmar Net ၊ MPT ပြီးရင်တော့ လူသုံးများတဲ့ ရွေးချယ်မှုတစ်ခုပါပဲ။
ဒါတွေကတော့ မန္တလေးမြို့မှာ ရနိုင်တဲ့ အင်တာနက် ဝန်ဆောင်မှုတွေထဲက လက်လှမ်းမီသလောက် ဖော်ပြထားတာ ဖြစ်ပြီး မန္တလေးမြို့နေ အင်တာနက်သုံးချင်သူတွေအတွက် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ မန္တလေးမြို့မှာ အင်တာနက်သုံးသူတွေကလည်း ဘယ်အင်တာနက်ဝန်ဆောင်မှုကို စိတ်တိုင်းအကျဆုံးဆိုတာ ပြောပေးသွားပါဦး။

I am a passionate writer with two and half years experience in this social media industry, writing for various online pages and a famous online media. For the past year I have been working as a content writer, gaining experience writing in different styles on topics such as lifestyle articles, entertainment news, events, food and restaurant reviews and Travel Reviews